Showing posts with label User Interface. Show all posts
Showing posts with label User Interface. Show all posts

Monday, August 20, 2007

Menu


Beginner:
မီနူး (Menu) ဆိုတာ `` တစ်စုံတစ်ရာ သို့မဟုတ် တစ်ဦးတစ်ယောက်သို့ ရွေးချယ် ခိုင်းစေနိုင်သော အရာများ၊ အမိန့်များ ပါဝင်နေသော စာရင်း´´ လို့ အဓိပ္ပါယ် ပြန်မယ်ဆိုရင် ရမယ် ထင်ပါတယ် ...
ကွန်ပျုတာမှာတော့ ပရိုဂရမ်၊ ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုတဲ့ အခါတိုင်း အဲဒီ ပရိုဂရမ်အတွင်းမှာ
  • အသုံးပြုသူ တစ်ယောက် အနေနဲ့ ပရိုဂရမ်ကို ခိုင်းစေ အမိန့်ပေးလို့ရတဲ့ အရာတွေ ၊
  • ရွေးချယ် ဆောင်ရွက်ဖွယ်ရာတွေကို Menu တွေမှာ ထည့်သွင်းပေးထားတာကို အများဆုံး မြင်တွေ့ ရနိုင်ပါတယ် ..

MoreDetails:
ဆော့ဖ်ဝဲတွေမှာ ပါဝင်တဲ့ Menu တွေကို အဲဒီဆော့ဖ်ဝဲတွေရဲ့ ခေါင်းစီး ( Title bar ) အောက်မှာ အတန်းတစ်ခု အနေနဲ့ မြင်တွေ့ ရနိုင်ပါတယ် ... အများအားဖြင့် File, Edit, View စသည်ဖြင့် စတင်တတ်လေ့ရှိပြီး နောက်ဆုံးမှာ Help နဲ့ အဆုံးသတ်လေ့ရှိတာ မြင်ကြရပါတယ်.. မောက်စ် (Mouse) ကို အဲဒီနေရာတွေအပေါ်မှာ ရွေ့လိုက်တဲ့ အခါ အရောင် ပြောင်းသွားတာ၊ နဂို အနေအထားထက် အပေါ်ကို မြင့်တက်လာတာ စတဲ့ ထင်ရှားတဲ့ တုန့်ပြန်မှုတွေကို ပြန်လည် တွေ့မြင် ရလေ့ ရှိပါတယ် ... ဒါဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှား လုပ်ဆောင်ချက်တွေကို ပရိုဂရမ်က မျက်ချေမပြတ် စောင့်ကြည့်နေတယ်.. ရွေးချယ် စေခိုင်းလာမယ့် အမိန့် ပေးချက်တွေကို အသင့်စောင့်နေတယ် ဆိုတာ မြင်သာတဲ့ အနေ အထားပဲ ဖြစ်ပါတယ် ... အခုလို အချိန်မှာ ကိုင်ထားတဲ့ Mouse မှာရှိ နေတဲ့ ခလုတ် (အများအားဖြင့် ဘယ်ဘက် ခလုတ်) ကို တစ်ချက်နှိပ်လိုက် (Click) ပြီး ဒါမှမဟုတ် ကီးဘုတ် (Keyboard) မှာ ရှိနေတဲ့ Enter ခလုတ်ကို ဖိနှိပ်လိုက်ခြင်း အားဖြင့် အဲဒီ အမိန့်ကို လုပ်ခိုင်းလိုက်နိုင်ပါတယ် ....

Advanvced & Reference:
*. တစ်ကယ်တော့ Menu ဆိုတဲ့ စကားလုံးဟာ အိုင်တီနယ်ပယ်က စကားလုံး မဟုတ်သလို လူတိုင်း အတွက် မထူးဆန်း သလို ရှိနေတဲ့ စကားလုံးတစ်ခု ဖြစ်ပါတယ် ... ကွန်ပျုတာ ဆော့ဖ်ဝဲ တွေမှာ ပါမလာ ခင်ကတဲက ကျွန်တော်တို့တွေဟာ Menu တွေကို နည်းလမ်းအမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံစံ အမျိုးမျိုးနဲ့ အသုံးချလာခဲ့တာ ဖြစ်ပါတယ်။ အများဆုံး အသုံးချ နေတာ ကတော့ စားသောက်ဆိုင် တွေမှာ ဖြစ်တာ အားလုံး သတိ ထားမိကြမှာ သေချာပါတယ် ... စားသောက်ဆိုင် တစ်ဆိုင်ကို ရောက်လာတဲ့ စားသုံးသူ အသစ်တစ်ဦးဟာ
  • သူရောက်နေတဲ့ ဆိုင်မှာ ဘာတွေရနိုင်သလဲ၊
  • စားစရာတွေက ဘာတွေရှိသလဲ၊ အဖျော်ယမကာတွေ အနေနဲ့ ဘာတွေရနိုင်သလဲ၊
  • ဒီဆိုင်က ဘယ်လိုဝန်ဆောင်မှုတွေ ပေးနိုင်သလဲ စတာတွေကို ဘယ်လိုမှ သိမှာ မဟုတ်ပါဘူး၊
  • အဲဒီလိုအချိန်မှာ ဆိုင်မှာ ကြိုတင် စီစဉ်ပေးထားတဲ့ Menu ကို ယူကြည့်လိုက်ခြင်းအားဖြင့်
  • သူရနိုင်တဲ့ အရာတွေ၊ ဆိုင်က ပေးနိုင်တဲ့ အရာတွေနဲ့ ၀န်ဆောင်မှုတွေကို အလွယ်တကူ ပြည့်စုံစွာ
  • သိရှိမှာယူ နိုင်သွားမှာ ဖြစ်ပါတယ် ...
  • တစ်ခုချင်းစီအကြောင်းကို အသေးစိတ်ထပ်သိချင်သေးတယ် ဆိုရင်လည်း
  • ဆိုင်က၀န်ထမ်းတွေရဲ့ အကူအညီ (Help) နဲ့ သိအောင် မေးမြန်းလို့ ရပါသေးတယ် ..
  • အဲဒီလို မှာစားရင်း မိမိရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း ဖြည့်ဆည်း ပေးနိုင်တယ်ဆိုရင် ...
  • နောက်ထပ် တစ်ခေါက်ထပ်လာ ဖို့အတွက်လည်း ၀န်လေးမှာ မဟုတ်တော့ပါဘူး ...
*. အလားတူ ဖြစ်စဉ်ဟာ ကွန်ပျုတာဆော့ဖ်ဝဲ တွေမှာလည်း အတူတူပဲ ဖြစ်ပါတယ်...
  • Menu တွေဟာ အခုခေတ် ဆော့ဖ်ဝဲတွေမှာ မရှိမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်..
  • Menu တွေကို ထိထိရောက်ရောက် အစီအစဉ်တကျ အသုံးချနိုင်ခြင်းဟာ..
  • ကွန်ပျုတာ ဆော့ဖ်ဝဲ၊ ပရိုဂရမ်တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ အတွက် လမ်းစ တစ်ခုပါပဲ ...
  • တစ်ကြိမ်တစ်ခါမှ မသုံးဖူးသေးတဲ့ ဆော့ဖ်ဝဲ တစ်ခုဟာ အပေါ်မှာဆွေးနွေးခဲ့တဲ့ ဥပမာထဲက စားသောက်ဆိုင်လိုပါပဲ ...
  • ဘယ်လိုအသုံးပြုလို့ရတယ်၊ ဘာတွေရနိုင်တယ် ဆိုတာ ချက်ချင်းသိရဖို့ မလွယ်ပါဘူး
  • အဲဒီအခါမှာ ထည့်ပေးထားတဲ့ Menu ကနေတစ်ဆင့် ဒီဆော့ဖ်ဝဲ ပရိုဂရမ်နဲ့ ဘာတွေလုပ်လို့ ရသလဲ ဆိုတာ လေ့လာလို့ ရနိုင်ပါတယ် ...
  • စားသောက်ဆိုင်က ၀န်ထမ်းကို မသိတာတွေ မရှင်းလင်းတာတွေ ခေါ်မေးလို့ရသလိုပဲ ...
  • Help menu ထဲကနေ မသိတာတွေကို ရှာဖတ်နိုင်ပါတယ် ...
  • (Help menu များအကြောင်း သီးခြား ဖော်ပြပါမည်။)..
*. အဲဒါကြောင့် Menu တွေဟာ ကွန်ပျုတာ ဆော့ဖ်ဝဲတွေမှာလည်း အသက်တစ်မျှ အရေးကြီးတဲ့ နေရာတစ်ခုအဖြစ် ပါရှိလာရတာ ဖြစ်ပါတယ်.. အသုံးပြုသူတွေနဲ့ Menu တွေထဲမှာ ပါဝင်နေတဲ့ အမိန့်ပေးချက် (Command) တွေကို ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် အသုံးပြုနိုင်တာနဲ့ အမျှ မိမိတို့ရဲ့ လုပ်ငန်း လိုအပ်ချက်တွေဟာလည်း အမြန်ဆုံး ပြီးစီးနိုင်မှာ ဖြစ်ပါတယ် ... ပိုမိုတိကျတဲ့ အဓိပ္ပါယ်မျိုး ဖွင့်ကြည့်မယ်ဆိုရင် ...
Menu တစ်ခု ဆိုတာ အဲဒီ Menu ရှိနေတဲ့ နေရာကို ရောက်လာသူတွေ လုပ်ကိုင်ဆောင်ရွက် အသုံးပြုလို့ ရတဲ့ အလုပ်တွေ (အဲဒီနေရာက လုပ်ပေးနိုင်တဲ့ အလုပ်တွေကို) အစီအစဉ်တကျ၊ စနစ်တကျ အပြည့် အစုံ ရေးသား ဖော်ပြထားတဲ့ စာရင်း ...
လို့ ပြောနိုင်ပါတယ် ...

*. ကွန်ပျုတာအပါအ၀င် ဆော့ဖ်ဝဲပရိုဂရမ်တွေဟာ လူတွေကို သက်သာအောင်ဖန်တီးပေးဖို့ ဆိုတဲ့ လူတွေရဲ့ စေတနာနဲ့ ကြိုးစားမှုကြောင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်.. အဲဒီအတွက်ကြောင့် ဆော့ဖ်ဝဲ ဖန်တီး ရေးသားသူတွေဟာ လူများစု နားလည် သိရှိပြီးသား စကားလုံးတွေ၊ အဓိပ္ပါယ်တွေကို အသုံးပြုပြီး ဆော့ဖ်ဝဲတွေရဲ့ အသုံးပြုသူတွေ မြင်ရမယ့် အပိုင်း (User Interface) မှာ ဖော်ပြကြတာ ဖြစ်ပါတယ်.. ဒါ့အပြင် တူညီတဲ့ လုပ်ဆောင်ချက်မျိုး ရှိနေ ဖြစ်နေရင်လည်း အမည်ကို တူအောင်ပေးလေ့ ရှိတတ်ကြပါတယ် .. စားသောက်ဆိုင်မှာ ရှိတဲ့ Menu တစ်ခုနဲ့ ဆော့ဖ်ဝဲတစ်ခုမှာ ပါနေတဲ့ Menu တစ်ခုမှာ တူနေတဲ့ အချက်တွေ များစွာ ရှိနေတယ်ဆိုတာ အထက်က ဥပမာတွေမှာ မြင်ခဲ့ကြမှာပါ..
  • အဲဒါကြောင့် အဲဒီလို လုပ်ဆောင်ချက်မျိုးတွေ ရှိနေတဲ့ ဆော့ဖ်ဝဲတိုင်းရဲ့ အပေါ်ပိုင်းမှာ ပါနေတတ်တဲ့ File, Edit , View ... , Help စတဲ့ စာတွေရေးသားဖော်ပြထားတဲ့ နေရာတွေကို Menu လို့ ခေါ်လိုက်တာ မထူးဆန်း သလို. ..
  • အတန်း (Bar) လေးကတော့ Menu တွေတန်းစီဖော်ပြထားတဲ့ အတန်းမို့ Menu bar ဖြစ်လာပါတယ် ...
  • ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ Pop-up menu, Cascading menu, Pull-down menu, Moving-bar menu, Tear-off menu စတာတွေရဲ့ အခြေခံလုပ်ဆောင်ချက်တွေဟာလည်း ဖြစ်ပေါ် တည်ရှိတဲ့ အနေ အထား တွေကြောင့် အခေါ်တွေ ပြောင်းသွားပေမယ့် Menu ရဲ့ ပင်မ အဓိပ္ပါယ် ကနေ ကင်းလွတ်မသွားပါဘူး ..

Reference:
-define:menu, titlebar, click, keyboard & user interface in Google Search
-Books & Websites shwon in Reference Section

မြန်မာ ညီအကို မောင်နှများနှင့် အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍ လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့် ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့် ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်ပါသည် ခင်ဗျား...