Sunday, May 3, 2009

Forums - Part One (Benefits)

အင်တာနက်ကို အသုံးပြုတဲ့သူ တစ်ယောက်အနေနဲ့ အသုံးပြုချိန်ကြာလာတာနဲ့ အမျှ မလွဲမသွေ ပါဝင်ပတ်သက်ရမဲ့ နေရာတစ်ခုကတော့ ဖိုရမ် (Forums) တွေပဲ ဖြစ်ပါတယ်။ Forum ကို မြန်မာလို ပြန်ရမယ်ဆိုရင် -
"လူအများ လွတ်လပ်စွာ စုဝေး၊ ဆွေးနွေးနိုင်သည့် နေရာ၊ ရှေးခေတ်အခေါ်ဆိုရင်တော့ ဟစ်တိုင်" လို့ ဆိုနိုင်ပါတယ်...

အင်တာနက်ခေတ်မှာတော့ ဖိုရမ်ဆိုတာ ကျွန်တော်တို့အတွက် အထက်မှာဖော်ပြထားခဲ့တဲ့ အနက်ဖွင့်ဆိုချက်တွေထက် အများကြီးပိုပြီး အဓိပ္ပယ် ရှိလာပြီ ဖြစ်ပါတယ်။ အင်တာနက် ဖိုရမ်တွေရဲ့ အကြောင်းကို တတ်နိုင်သမျှ စုဆောင်း ဝေမျှပေးလိုက်ပါတယ်...

ဖိုရမ်များမှ ရနိုင်သည့် အကျိုးများ - Benefits of Forums

  • အခမဲ့ နည်းပညာ ဗဟုသုတများ - ဖိုရမ်များကို ၀င်ရောက် အသုံးပြုဆွေးနွေးခြင်းဖြင့် ပြင်ပလောကတွင် ပိုက်ဆံပေးမှ ရသည့် အချို့သော အဖိုးတန် ပညာရပ်များကို အခမဲ့ ရရှိနိုင်သည်။ အသက်ဝင်လှုပ်ရှားမှု အားကောင်းသော ဖိုရမ် (Active Forum) တစ်ခုရှိ အသင်းဝင် (Member) များသည် ၄င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် အတွေ့အကြုံများကို အခြားသူများအတွက် ဝေမျှပေးရန် အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေလေ့ရှိ တတ်ကြသည်။ အထူးသဖြင့် အသစ်ဝင်ရောက်လာသည့် အသင်းဝင်သစ်များ (New Members) ကို ပိုမိုနွေးထွေးလျင်မြန်စွာ ကူညီ တတ်ကြသည်။
  • စရိတ်သက်သာခြင်း - အချို့ဖိုရမ်များတွင် အသင်းဝင်များအတွက် သီးသန့်အခွင့်အရေးများ၊ တခါတရံတွင် ပိုက်ဆံပေးဝယ်မှ ရနိုင်သည့် အရာများကို အခမဲ့ ဝေမျှပေးထားလေ့ ရှိကြသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ငွေကြေးများကို အထိုက်အလျောက် အကုန်အကျ သက်သာရာ ရစေသည်။
  • အကြံဥာဏ်ကောင်းများ - ဖိုရမ်တိုင်းတွင် အသင်းဝင်သစ်များအတွက် အသုံးဝင်သော အကြံကောင်းများကို ပေးရန် အမြဲတမ်း အဆင်သင့်ဖြစ်နေသည့် နယ်ပယ်၊ အကြောင်းအရာ အသီးသီးအလိုက် ကျွမ်းကျင်သူများ (Experts) ရှိနေတတ်ကြသည်။ ကျွန်တော်တို့ အနေဖြင့် ထိုကျွမ်းကျင်သူများ (Experts) ဖြင့် အဆက်အသွယ်ရရှိနိုင်သည်။ အခမဲ့ အကြံဥာဏ်ကောင်းများ (Free advices) တောင်းယူရရှိနိုင်သည်။
  • ယုံကြည်အားကိုးမှုရရှိနိုင်ခြင်း - နည်းပညာတစ်ရပ်ကို ကျွမ်းကျင်သူတစ်ဦး အတွက် မိမိ၏လုပ်ငန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများကို ဖိုရမ်များထဲတွင် ၀င်ရောက်ဆွေးနွေးခြင်းဖြင့် မိမိ၏ လုပ်ငန်းကျွမ်းကျင်မှုကို အခြားသူများ သိရှိအောင်ပြုလုပ်နိုင်သည့် အခွင့်အရေး ရရှိနိုင်သည်။ ပွင့်လင်းသော စိတ်ထား (Open mind) ရှိပြီး၊ လူအများကို အစဉ်အမြဲ ကုညီလေ့ရှိတတ်သူ၊ အထူးသဖြင့် အသင်းဝင်သစ်များကို အမြဲတမ်း ကုညီလေ့ရှိတတ်သူများသည် ဖိုရမ်များတွင် လူသိများပြီး သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်သူများ အဖြစ် အားကိုးယုံကြည်မှုကို ခံယူရရှိတတ်ကြသည်။ အဓိက ထားရှိရမည့် စိတ်ထားမှာ - လူအများအတွက် အသုံးဝင်သော အကူအညီများကို ပေးလိုစိတ်ရှိရန်နှင့် အကူအညီပေးရန်အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေရန် - ဖြစ်သည်။
  • မိမိ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ကြော်ငြာနိုင်ခြင်း - အချို့ဖိုရမ်များတွင် အသင်းဝင်များ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ (Products and Services) ကို အခမဲ့ကြော်ငြာနိုင်သည့် နေရာများ (Free advertisement places) ထားပေးလေ့ ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကုန်ကျစားရိတ်အချို့ကို သက်သာရာရစေပြီး (Cost saving) ၊ ကျွန်တော်တို့၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ကြော်ငြာနိုင်သည့် အခွင့်အရေး (Opportunities to advertise) လည်း ရနိုင်မည် ဖြစ်သည်။
  • လမ်းညွှန်မှုများ ရနိုင်ခြင်း - ကျွန်တော်တို့ အနေဖြင့် တခါတရံတွင် ကုန်ပစ္စည်းတစ်ခု သို့မဟုတ် ၀န်ဆောင်မှုတစ်ခုခုကို ၀ယ်ယူ အသုံးပြုတော့မည့် အခါ ဆုံးဖြတ်ရခက်နေပါက - ဖိုရမ်များထဲတွင် ၄င်းပစ္စည်း/၀န်ဆောင်မှု နှင့်သက်ဆိုင်သည့် အခြားသူများ၏ ဆွေးနွေးချက်များ (Discussions) ကို ရှာဖွေလေ့လာနိုင်သည်၊ ရှာမတွေ့က ခေါင်းစဉ်တစ်ခု (New Topic) ဖွင့်ကာ မေးမြန်းနိုင်သည်။ တခါတရံ ကမ္ဘာ့နေရာအနှံ့မှ အသင်းဝင်များ၏ အမြင်များ၊ ကောင်းကျိုးဆိုးပြစ် ဝေဖန်ချက်များ၊ သင့်မသင့် လမ်းညွှန်ချက်များ (Guidance) ကို အမြန်ဆုံး ရရှိနိုင်သည်။
  • စိတ်အားထက်သန်မှု ဖြစ်ပေါ်နိုင်ခြင်း - ဖိုရမ်ထဲတွင် လှည့်လည် လည်ပတ်ရင်း၊ အခြားသော အသင်းဝင်များ၏ အတွေ့အကြုံများ၊ ဆွေးနွေးချက်များကို ဖတ်ရှု၊ လေ့လာ၊ ဆွေးနွေးရင်းဖြင့် မိမိ၏ ကိုယ်ပိုင်လေ့လာမှုများ (Self study) ၊ စီးပွားရေးလုပ်ငန်းများ (Business) ကို ဆောင်ရွက်သည့်အခါ လိုအပ်သည့် အတွေ့အကြုံများ၊ စိတ်အားထက်သန်မှုများနှင့် အားအင်သစ်များ (Motivation and Encouragement) ကို အချိန်တိုအတွင်း ရရှိနိုင်သည်။ ထို့ပြင် ကျွန်တော်တို့နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ (Co-operate)၊ ၀ိုင်းဝန်းကူညီလိုသူများ ကိုလည်း တွေ့ရှိနိုင်သဖြင့် အလွန်အကျိုးများသည်။
အင်တာနက် ဖိုရမ်များမှ ကောင်းကျိုးများ ရရှိနိုင်သလို ဆိုးကျိုးများလည်း ရနိုင်သည်။ အရွယ်ရောက်သူ တစ်ဦးအနေဖြင့် အကောင်းအဆိုးခွဲခြား ဝေဖန်စဉ်းစားပြီး သင့်မသင့် ဆုံးဖြတ်ကာ အကျိုးရှိအောင် အသုံးချနိုင်ရန် အထူးအရေးကြီးပေသည်။

ဆက်လက် ဖော်ပြပါမည် -

မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့်
ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့်
ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား...

Ref:
http://en.wikipedia.org/wiki/Forum_(internet)
http://en.wiktionary.org/wiki/Appendix:Internet_slang
http://en.wikipedia.org/wiki/Troll_(Internet)
http://ezinearticles.com/?Seven-Benefits-of-Internet-Forums&id=1813184

Tools used:
Notepad++, Babylon Portable, Lingoes Portable Translator

No comments: