Sunday, May 3, 2009

Forums - Part One (Benefits)

အင်တာနက်ကို အသုံးပြုတဲ့သူ တစ်ယောက်အနေနဲ့ အသုံးပြုချိန်ကြာလာတာနဲ့ အမျှ မလွဲမသွေ ပါဝင်ပတ်သက်ရမဲ့ နေရာတစ်ခုကတော့ ဖိုရမ် (Forums) တွေပဲ ဖြစ်ပါတယ်။ Forum ကို မြန်မာလို ပြန်ရမယ်ဆိုရင် -
"လူအများ လွတ်လပ်စွာ စုဝေး၊ ဆွေးနွေးနိုင်သည့် နေရာ၊ ရှေးခေတ်အခေါ်ဆိုရင်တော့ ဟစ်တိုင်" လို့ ဆိုနိုင်ပါတယ်...

အင်တာနက်ခေတ်မှာတော့ ဖိုရမ်ဆိုတာ ကျွန်တော်တို့အတွက် အထက်မှာဖော်ပြထားခဲ့တဲ့ အနက်ဖွင့်ဆိုချက်တွေထက် အများကြီးပိုပြီး အဓိပ္ပယ် ရှိလာပြီ ဖြစ်ပါတယ်။ အင်တာနက် ဖိုရမ်တွေရဲ့ အကြောင်းကို တတ်နိုင်သမျှ စုဆောင်း ဝေမျှပေးလိုက်ပါတယ်...

ဖိုရမ်များမှ ရနိုင်သည့် အကျိုးများ - Benefits of Forums

  • အခမဲ့ နည်းပညာ ဗဟုသုတများ - ဖိုရမ်များကို ၀င်ရောက် အသုံးပြုဆွေးနွေးခြင်းဖြင့် ပြင်ပလောကတွင် ပိုက်ဆံပေးမှ ရသည့် အချို့သော အဖိုးတန် ပညာရပ်များကို အခမဲ့ ရရှိနိုင်သည်။ အသက်ဝင်လှုပ်ရှားမှု အားကောင်းသော ဖိုရမ် (Active Forum) တစ်ခုရှိ အသင်းဝင် (Member) များသည် ၄င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် အတွေ့အကြုံများကို အခြားသူများအတွက် ဝေမျှပေးရန် အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေလေ့ရှိ တတ်ကြသည်။ အထူးသဖြင့် အသစ်ဝင်ရောက်လာသည့် အသင်းဝင်သစ်များ (New Members) ကို ပိုမိုနွေးထွေးလျင်မြန်စွာ ကူညီ တတ်ကြသည်။
  • စရိတ်သက်သာခြင်း - အချို့ဖိုရမ်များတွင် အသင်းဝင်များအတွက် သီးသန့်အခွင့်အရေးများ၊ တခါတရံတွင် ပိုက်ဆံပေးဝယ်မှ ရနိုင်သည့် အရာများကို အခမဲ့ ဝေမျှပေးထားလေ့ ရှိကြသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ငွေကြေးများကို အထိုက်အလျောက် အကုန်အကျ သက်သာရာ ရစေသည်။
  • အကြံဥာဏ်ကောင်းများ - ဖိုရမ်တိုင်းတွင် အသင်းဝင်သစ်များအတွက် အသုံးဝင်သော အကြံကောင်းများကို ပေးရန် အမြဲတမ်း အဆင်သင့်ဖြစ်နေသည့် နယ်ပယ်၊ အကြောင်းအရာ အသီးသီးအလိုက် ကျွမ်းကျင်သူများ (Experts) ရှိနေတတ်ကြသည်။ ကျွန်တော်တို့ အနေဖြင့် ထိုကျွမ်းကျင်သူများ (Experts) ဖြင့် အဆက်အသွယ်ရရှိနိုင်သည်။ အခမဲ့ အကြံဥာဏ်ကောင်းများ (Free advices) တောင်းယူရရှိနိုင်သည်။
  • ယုံကြည်အားကိုးမှုရရှိနိုင်ခြင်း - နည်းပညာတစ်ရပ်ကို ကျွမ်းကျင်သူတစ်ဦး အတွက် မိမိ၏လုပ်ငန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများကို ဖိုရမ်များထဲတွင် ၀င်ရောက်ဆွေးနွေးခြင်းဖြင့် မိမိ၏ လုပ်ငန်းကျွမ်းကျင်မှုကို အခြားသူများ သိရှိအောင်ပြုလုပ်နိုင်သည့် အခွင့်အရေး ရရှိနိုင်သည်။ ပွင့်လင်းသော စိတ်ထား (Open mind) ရှိပြီး၊ လူအများကို အစဉ်အမြဲ ကုညီလေ့ရှိတတ်သူ၊ အထူးသဖြင့် အသင်းဝင်သစ်များကို အမြဲတမ်း ကုညီလေ့ရှိတတ်သူများသည် ဖိုရမ်များတွင် လူသိများပြီး သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်သူများ အဖြစ် အားကိုးယုံကြည်မှုကို ခံယူရရှိတတ်ကြသည်။ အဓိက ထားရှိရမည့် စိတ်ထားမှာ - လူအများအတွက် အသုံးဝင်သော အကူအညီများကို ပေးလိုစိတ်ရှိရန်နှင့် အကူအညီပေးရန်အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေရန် - ဖြစ်သည်။
  • မိမိ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ကြော်ငြာနိုင်ခြင်း - အချို့ဖိုရမ်များတွင် အသင်းဝင်များ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ (Products and Services) ကို အခမဲ့ကြော်ငြာနိုင်သည့် နေရာများ (Free advertisement places) ထားပေးလေ့ ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကုန်ကျစားရိတ်အချို့ကို သက်သာရာရစေပြီး (Cost saving) ၊ ကျွန်တော်တို့၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ကြော်ငြာနိုင်သည့် အခွင့်အရေး (Opportunities to advertise) လည်း ရနိုင်မည် ဖြစ်သည်။
  • လမ်းညွှန်မှုများ ရနိုင်ခြင်း - ကျွန်တော်တို့ အနေဖြင့် တခါတရံတွင် ကုန်ပစ္စည်းတစ်ခု သို့မဟုတ် ၀န်ဆောင်မှုတစ်ခုခုကို ၀ယ်ယူ အသုံးပြုတော့မည့် အခါ ဆုံးဖြတ်ရခက်နေပါက - ဖိုရမ်များထဲတွင် ၄င်းပစ္စည်း/၀န်ဆောင်မှု နှင့်သက်ဆိုင်သည့် အခြားသူများ၏ ဆွေးနွေးချက်များ (Discussions) ကို ရှာဖွေလေ့လာနိုင်သည်၊ ရှာမတွေ့က ခေါင်းစဉ်တစ်ခု (New Topic) ဖွင့်ကာ မေးမြန်းနိုင်သည်။ တခါတရံ ကမ္ဘာ့နေရာအနှံ့မှ အသင်းဝင်များ၏ အမြင်များ၊ ကောင်းကျိုးဆိုးပြစ် ဝေဖန်ချက်များ၊ သင့်မသင့် လမ်းညွှန်ချက်များ (Guidance) ကို အမြန်ဆုံး ရရှိနိုင်သည်။
  • စိတ်အားထက်သန်မှု ဖြစ်ပေါ်နိုင်ခြင်း - ဖိုရမ်ထဲတွင် လှည့်လည် လည်ပတ်ရင်း၊ အခြားသော အသင်းဝင်များ၏ အတွေ့အကြုံများ၊ ဆွေးနွေးချက်များကို ဖတ်ရှု၊ လေ့လာ၊ ဆွေးနွေးရင်းဖြင့် မိမိ၏ ကိုယ်ပိုင်လေ့လာမှုများ (Self study) ၊ စီးပွားရေးလုပ်ငန်းများ (Business) ကို ဆောင်ရွက်သည့်အခါ လိုအပ်သည့် အတွေ့အကြုံများ၊ စိတ်အားထက်သန်မှုများနှင့် အားအင်သစ်များ (Motivation and Encouragement) ကို အချိန်တိုအတွင်း ရရှိနိုင်သည်။ ထို့ပြင် ကျွန်တော်တို့နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ (Co-operate)၊ ၀ိုင်းဝန်းကူညီလိုသူများ ကိုလည်း တွေ့ရှိနိုင်သဖြင့် အလွန်အကျိုးများသည်။
အင်တာနက် ဖိုရမ်များမှ ကောင်းကျိုးများ ရရှိနိုင်သလို ဆိုးကျိုးများလည်း ရနိုင်သည်။ အရွယ်ရောက်သူ တစ်ဦးအနေဖြင့် အကောင်းအဆိုးခွဲခြား ဝေဖန်စဉ်းစားပြီး သင့်မသင့် ဆုံးဖြတ်ကာ အကျိုးရှိအောင် အသုံးချနိုင်ရန် အထူးအရေးကြီးပေသည်။

ဆက်လက် ဖော်ပြပါမည် -

မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့်
ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့်
ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား...

Ref:
http://en.wikipedia.org/wiki/Forum_(internet)
http://en.wiktionary.org/wiki/Appendix:Internet_slang
http://en.wikipedia.org/wiki/Troll_(Internet)
http://ezinearticles.com/?Seven-Benefits-of-Internet-Forums&id=1813184

Tools used:
Notepad++, Babylon Portable, Lingoes Portable Translator

Saturday, December 1, 2007

Button


Beginner:
ကွန်ပျုတာ နည်းပညာနယ်ပယ်မှာ ခလုတ် တွေကို "အမိန့်ပေးခလုတ်" (Command button) သို့မဟုတ် "ဖိတွန်းခလုတ်" (Push button) လို့ ခေါ်လေ့ရှိပါတယ်..၊ ဒီခလုတ်လေးတွေကို နှိပ်လိုက်မယ်ဆိုရင် ကြိုတင် စီစဉ် သတ်မှတ်ထားတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်ပေးပါတယ် …

More Details:
စံအဖြစ် ထားရှိ အသုံးပြုတဲ့ ခလုတ် အများစုဟာ လေးထောင့်ပုံ သို့မဟုတ် "ထောင့်ဝန်းလေးထောင့်ပုံ" (Round-rectangle) အသွင် ရှိကြပါတယ်.. အမြင့်ထက် အလျားက ပိုကျယ်ပြီး အတွင်းမှာ အကြောင်းအရာ ဖော်ပြချက် ပါရှိပါတယ်.. အခုလိုပေါ့.. (စမ်း နှိပ်ကြည့်လိုက်ပါ-->>) ခလုတ် တစ်ခုကို ဖိနိုင်ဖို့ အတွက် အသုံးအများဆုံး နည်းလမ်းကတော့ မောက်စ်ကို အသုံးပြုပြီး ညွှန်တံနဲ့ ကလစ်လုပ်ခြင်း ပါပဲ.. အခြားသော နည်းလမ်းများ အနေနဲ့ ကီးဘုတ်က ခလုတ်များကို အသုံးပြုပြီး နှိပ်တာမျိုးကိုလည်း လုပ်နိုင်ပါတယ်.. ခလုတ်တွေဟာ အမြဲတမ်း လေးထောင့်ပုံ ရှိနေရမယ် ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပါဘူး.. မောက်စ်ကို အသုံးပြုသူနေသူ တစ်ယောက်က ခလုတ်တစ်ခုကို ဖိနှိပ်လိုက်တဲ့ အခါမှာ အဲဒီခလုတ်က လုပ်ပေးရမယ့် အလုပ်ဖြစ်ပေါ်လာဖို့ အဓိက ဖြစ်ပါတယ်.. အဲဒီအတွက်ကြောင့် ရုပ်ပုံများနဲ့ နောက်ခံနေရာများကိုလည်း ခလုတ်များအဖြစ် အလုပ်လုပ်အောင် ပရိုဂရမ်ပြုလုပ် ထားနိုင်ပါတယ်.. အချို့သော ခလုတ်များကို ဖိနှိပ်လိုက်တဲ့ အခါမှာ သက်ဆိုင်တဲ့ အလုပ်ကို ဆောင်ရွက်ပေးတဲ့ အပြင်၊ ဖိလိုက်တဲ့ အတွက် နိမ့်ဆင်းသွားတဲ့ အသွင်မျိုး ဖြစ်လာအောင်လည်း ဖန်တီးပေးထားလေ့ ရှိကြပါတယ်..
ခလုတ်အများစုမှာ ရှိကြတဲ့ ထင်ရှားတဲ့ အချက်များကတော့ …
  • OK ခလုတ် - လုပ်ဆောင်ချက်များကို အတည်ပြုရန်
  • Cancel ခလုတ် - လုပ်ဆောင်ချက်များကို ငြင်းပယ်ရန် (ဥပမာ- ဖွင့်လိုက်သော ၀င်းဒိုး တစ်ခုကို ပြန်ပိတ်ခြင်း)
  • Exit ခလုတ် - ပရိုဂရမ် များကို ပိတ်ရန် - ထွက်ရန်
  • လုပ်ဆောင်စေလိုသော အလုပ်ကို ဖော်ပြထားခြင်း (ဥပမာ - "၀င်မည်" "Sign In" ခလုတ်)
တွေ ဖြစ်ပါတယ် …
  • ပန်းသီး (Apple Macintosh)
  • ပန်းသီး ကွန်ပျုတာများ ပါရှိတဲ့ ခလုတ်လေးတွေကို ကြည့်တဲ့အခါမှာ လုံးဝန်းတဲ့ သို့မဟုတ် ထောင့်များ လုံးဝန်းထားတဲ့ သလင်းကျောက်တုံးလေး များလို ပုံဖော်ထားတာ မြင်ရမှာပါ။ ခလုတ်လေးတွေ၊ အရုပ်လေးတွေဟာ သက်ဆိုင်တဲ့ အလုပ်အပေါ်မူတည်ပြီး အသုံးပြုမယ့်သူတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်အောင် မသိမသာ သိမ်သိမ်မွေ့မွေ့လေး ဖန်တီးထားတာ မြင်ရမှာပါ။ ၊ ချွင်းချက် အနေနဲ့ - ၀င်းဒိုးတွေကို အဖွင့်/အပိတ် လုပ်ပေးမယ့် ဘယ်ဘက် အပေါ်ထောင့်က အနီ၊ အ၀ါ၊ အစိမ်း ခလုတ်သုံးခုမှ အပ - ကျန်ခလုတ် အများစုဟာ စိမ်းပြာရောင် အသွင်နဲ့ ရှိကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
  • မိုက္ကရိုဆော့ဖ် ၀င်းဒိုး (Microsoft Windows)
  • မိုက္ကရိုဆော့ဖ် ၀င်းဒိုးစနစ်မှာ အသုံးပြုထားတဲ့ ခလုတ်များဟာ အများအားဖြင့် လေးထောင့် (ထောင့်မှန် စတုဂံ) ပုံစံတွေ ဖြစ်ပါတယ်။ နောက်ပိုင်း ထွက်လာတဲ့ စနစ်များမှာတော့ "လုံးဝန်းတဲ့ ထောင့်များနဲ့ ခလုတ်" ပုံစံကိုလည်း သုံးနိုင်အောင် ဖန်တီးထားတာ မြင်ရမှာပါ။ ၀င်းဒိုးစနစ်က လောလောဆယ် အဆင်သင့် စောင့်နေတဲ့ (Focus - ဖြစ်နေခြင်းကို ဆီလျော်အောင် ရေးထားခြင်း ဖြစ်ပါ၏) ခလုတ်ရဲ့ ဘောင်အတွင်းထဲမှာ အနက်ရောင် မျဉ်းစက်လေးများကို မြင်တွေ့ရမှာပါ။ အဲဒီလို ဖြစ်နေတာကို Focus ဖြစ်နေတယ် လို့ ပြောတာပါ။ အောက်က နမူနာ ပုံလေးမှာ ကြည့်နိုင်ပါတယ်။ (Focus အကြောင်း သီးခြား ဖော်ပြပါမည်..)
    နောက်ပိုင်း စနစ်များမှာ အဆင်သင့်ဖြစ်နေတဲ့ ခလုတ် (Default Button) တွေကို အပြာရောင် အနားသတ်မျဉ်းများနဲ့ ဖော်ပြထားလေ့ ရှိပါတယ်။ နောက်ဆုံးထွက်လာတဲ့ Windows Vista မှာတော့ အဆင်သင့် ဖြစ်နေတဲ့ ခလုတ် (Default Button) ဟာ သူ့ရဲ့ ပုံမှန်မြင်နေရတဲ့ အနေအထားထက် အနည်းငယ် မှိန်သွားပြီး အပြာရောင် အနားသတ်မျဉ်း ပါရှိပါတယ်။

Advanced & References:
*. ကွန်ပျုတာ ပေါ်မှာ မြင်နေရတဲ့ ခလုတ်တွေဟာ အပြင်မှာ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ခလုတ်တွေနဲ့ အခြေခံသဘောချင်း အတူတူ ဖြစ်ပါတယ် …
*. ကွန်ပျုတာ ဆော့ဖ်ဝဲတွေ မရှိခင်ကတဲက ရှိနှင့်ပြီးသား ဖြစ်တဲ့ သမားရိုးကျ ပုံမှန် ခလုတ်တွေ အကြောင်း လေ့လာကြည့်မယ်ဆိုရင် အခုလို တွေ့ရမှာ ဖြစ်ပါတယ် …
  • လေးထောင့် သို့မဟုတ် အ၀ိုင်းပုံ အများဆုံး ဖြစ်ခြင်း
  • လုပ်ဆောင်ပေးနိုင်သည့် အလုပ်ကို ရုပ်ပုံများ ရေးဆွဲ ဖော်ပြ ပေးထားခြင်း
  • ညီညာနေသော မျက်နှာပြင် ပေါ်တွင် သိသိသာသာ မြင့်တက်နေခြင်း
  • မြင်လိုက်သည်နှင့် ဖိနှိပ်နိုင်သည့် သဘော သိသာခြင်း
  • (အများစုမှာ) ဖိနှိပ်လိုက်ပါက သတ်မှတ်ထားသည့် အလုပ်ကို ဆောင်ရွက်ပေးခြင်း
    (ဥပမာ - မီးခလုတ်နှိပ်၍ မီးလင်းခြင်း)
  • (အများစုမှာ) ဖိနှိပ်ထားသော ခလုတ်တစ်ခုကို နောက်ထပ်တစ်ကြိမ် ထပ်နှိပ်ပါက လုပ်နေသော အလုပ်ကို ရပ်ပေးခြင်း
    (ဥပမာ - မီးဖွင့်ထားသည့် ခလုတ်ကို နောက်တစ်ကြိမ် ပြန်နှိပ်လျှင် မီးပိတ်သွားခြင်း)
*. သမားရိုးကျ ခလုတ်တစ်ခု ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ …
  • ပထမ တစ်ကြိမ် ဖိနှိပ်လိုက်တဲ့ အခါမှာ သူလုပ်ဆောင်ရမယ့် အလုပ်ကို ဆောင်ရွက်ပေးတာ ဖြစ်ပြီး
  • ဒုတိယ အကြိမ် ပြန်ဖိနှိပ်လိုက်တဲ့ အခါမှာ သူလုပ်ခဲ့တဲ့ အလုပ်ကို ရပ်တန့်ပေးတာ ပဲ ဖြစ်ပါတယ် …
*. ကွန်ပျုတာ ပရိုဂရမ်များမှာ ပါတဲ့ အချို့သော ခလုတ်များမှာ ဒီသဘောကို မြင်နိုင်ပါတယ် …
  • ဥပမာ - ၀င်းဒိုး စနစ်မှာ ပါတဲ့ Start ခလုတ် -
    • ပထမ အကြိမ် နှိပ်လိုက်တဲ့ အခါ Start Menu ပေါ်လာပြီး
    • နောက်ထပ် တစ်ကြိမ် ပြန်နှိပ်လိုက်တဲ့ အခါမှာ Start Menu ပြန်ပျောက်သွားတာ မြင်ရမှာပါ..
  • Menu bar တွေမှာ ပါတဲ့ File, Edit, View,.. ,Tools, Help စတဲ့ နေရာများဟာလည်း အလားတူပါပဲ။
    • ပထမအကြိမ် နှိပ်လိုက်တဲ့ အခါမှာ သက်ဆိုင်တဲ့ Menu ပေါ်လာပြီး
    • နောက်တစ်ကြိမ် ပြန်နှိပ်လိုက်တဲ့ အခါ ပေါ်နေတဲ့ Menu ပြန်ပျောက်သွားတာ မြင်ရမှာပါ။
  • ခလုတ် အများစုဟာ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ အခြားသော အရာများထက် …
    • သိသိသာသာ မြင့်တက်နေခြင်း
    • ပေါ်လွင် ထင်ရှားနေခြင်း
    • အရောင် ကွဲပြားခြားနား နေခြင်း
    • မောက်စ် ဖြတ်သန်းလိုက်သည့် အခါ အရောင်ပြောင်းလာခြင်း/ ကြွတက်လာခြင်း သို့မဟုတ် ထိုနှစ်မျိုးလုံး ဖြစ်လာခြင်း
    • ဖိနှိပ် ခံလိုက်ရပြီးသည့် အခါတွင်လည်း ချိုင့်ဝင်နေသည့်/ နိမ့်ကျသွားသည့် အသွင်မျိုး မြင်တွေ့နိုင်ခြင်း သို့မဟုတ် အရောင် အသစ် ပြောင်းသွားခြင်း
    စတာတွေကို မြင်တွေ့ရမှာပါ။

Reference:
-define:Button inGoogle Search
-Books & Web Sites shown in Reference Section
မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့်
ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့်
ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား...

Sunday, October 21, 2007

Menu bar


Beginner:

"ရွေးချယ်စရာစာရင်း" မီနူး(Menu) များကို တန်းစီထည့်သွင်း ဖော်ပြပေးထားတဲ့ နေရာ - အတန်း(Bar) ကို Menu Bar လို့ ခေါ်ပါတယ်။ အများအားဖြင့် ထောင့်မှန်စတုဂံ ရှည်မျောမျော အသွင် ရှိကြပါတယ်။ File, Edit, View,.. ,Tools, Help စသည်ဖြင့် အစီအစဉ်အတိုင်း မြင်တွေ့ရလေ့ ရှိပါတယ်..


More Details:

Menu bar တွေမှာ ပါဝင်နေတဲ့ အကြောင်းအရာ အတော်များများဟာ တူညီနေလေ့ရှိကြပေမယ့် သက်ဆိုင်ရာ အသုံးချ ဆော့ဖ်ဝဲနဲ့ စက်မောင်းနှင်မှုစနစ် (OS) အမျိုးအစားများ အပေါ်မူတည်ပြီး ကွဲပြားခြားနားမှုများ ရှိပါတယ်။

  • ပန်းသီး (Apple Macintosh)
  • ပန်းသီး ကွန်ပျုတာများမှာ Menu bar ကို ဖန်သားပြင် မြင်ကွင်းရဲ့ အပေါ်ဘက်ထိပ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက် ထောင့်မှာ ပန်းသီး ပုံလေးကို မြင်တွေ့ရမှာ ဖြစ်ပြီး၊ ကပ်လျက် ညာဘက်က စတင်ပြီး သက်ဆိုင်ရာ အသုံးချဆော့ဖ်ဝဲမှာ ပါရှိတဲ့ File, Edit, View,.. ,Tools,Help စတဲ့ သက်ဆိုင်ရာ Menu အုပ်စု ခေါင်းစဉ်များကို တွေ့ရမှာ ဖြစ်ပါတယ်.. ညာဘက် အစွန်ကနေ ပြန်ကြည့်တဲ့ အခါမှာ နာရီ၊ အသံအတိုးအကျယ် ခလုတ် စတာတွေကို မြင်ရမှာပါ...
    ပန်းသီး ကွန်ပျုတာမှာ Menu bar ကို တစ်ခုတည်းပဲ မြင်တွေ့ရမှာပါ။ လတ်တလော မြင်တွေ့နေရတဲ့ Menu bar ဟာ လတ်တလော အလုပ်လုပ်နေတဲ့ အသုံးချ ဆော့ဖ်ဝဲ အတွက်ပါ.. ဥပမာ အနေနဲ့ System Preferences ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုနေမယ်ဆိုရင် သက်ဆိုင်တဲ့ Menu အုပ်စုကို ညာဘက်မှာ တွေ့ရမှာပါ..
    အစောပိုင်း ကာလက ပန်းသီးကွန်ပျုတာတွေမှာ ပါဝင်တဲ့ Menu တွေဟာ ဖန်သားပြင် မြင်ကွင်းရဲ့ ထိပ်မှာ Menu bar တွေ အများကြီး ထားရှိတဲ့ စနစ်ကို သုံးခဲ့တာ ဖြစ်ပြီး နောင်မှာ အခု လက်ရှိစနစ်ကို အသုံးပြူခဲ့တာပါ.. ၁၉၈၃ မှာ ထုတ်ဝေခဲ့တဲ့ (ပန်းသီး လီဆာ) စက်မောင်းနှင်မှုစနစ် ( OS) မှာ ပထမဆုံး Menu bar ကို စတင် အသုံးပြုခဲ့ပါတယ်.. အဲဒီစနစ်ဟာ ပန်းသီး ကွန်ပျုတာတွေမှာ လက်ရှိ အသုံးပြုနေတဲ့ Mac OS (Macintosh Operating System) များအားလုံးမှာ ပါရှိတဲ့ အင်္ဂါရပ် တစ်ခု အနေနဲ့ ယခုနောက်ဆုံး (Mac OS X) အထိ ဆက်လက် ပါရှိလာခဲ့ ပါတယ်..
  • မိုက္ကရိုဆော့ဖ် ၀င်းဒိုး (Microsoft Windows)
  • မိုက္ကရိုဆော့ဖ်ရဲ့ ၀င်းဒိုး စက်မောင်းနှင်မှု စနစ်မှာ ဆိုရင်တော့ Menu bar တွေဟာ ဖွင့်ထားတဲ့ ၀င်းဒိုးတိုင်းရဲ့ ခေါင်းစီးတန်း (Title bar) အောက်မှာ ကပ်လျက်သား အမြဲရှိနေတာ မြင်ရပါမယ်.. အဲဒီအတွက်ကြောင့် ကွန်ပျုတာရဲ့ ဖန်သားပြင်မှာ အချိန်တစ်ခု အတွင်းမှာပဲ ဖွင့်နေတဲ့ ၀င်းဒိုးတွေရဲ့ အရေအတွက် အတိုင်း Menu bar တွေကို တန်းစီမြင်နေရမှာ ဖြစ်ပါတယ်.. Menu bar တွေရဲ့ အတွင်းမှာ ပါရှိတဲ့ သက်ဆိုင်ရာ Menu တစ်ခုချင်းစီကို အသုံးပြုချင်တယ် ဆိုရင်တော့ ကီးဘုတ်က Alt ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် Menu အုပ်စု အမည်တွေကို အခုလို File Edit View .. Tools Help စသဖြင့်
    မျဉ်းသားပေးထားတဲ့ အနေအထားနဲ့ မြင်ရမှာ ဖြစ်ပါတယ်.. နောက်ထပ် သိသာထင်ရှားတာ တစ်ခုကတော့ ကီးဘုတ်က Alt ခလုတ် သို့မဟုတ် F10 ခလုတ်ကို နှိပ်လိုက်တဲ့ အခါ ၀င်းဒိုးစနစ်အနေနဲ့ File နေရာမှာ အာရုံစိုက် (Focus) ဖြစ်နေတာကို သိသိသာသာ မြင်ရမှာ ဖြစ်ပါတယ်..
  • လင်းနပ်စ်နှင့် ယူနစ်စ်(Linux and UNIX)
  • လင်းနပ်စ်နှင့် ယူနစ်စ် OS တွေမှာတော့ ဒီစနစ်တွေမှာ အသုံးပြုထားတဲ့ (KDE) စနစ်ကြောင့် အသုံးပြုသူများ အနေနဲ့ Menu bar များကို ပန်းသီးကွန်ပျုတာ စနစ်ပုံစံနဲ့ ဖြစ်စေ၊ ၀င်းဒိုး စနစ်ပုံစံနဲ့ ဖြစ်စေ၊ ပုံစံနှစ်မျိုးလုံးကို တစ်ပြိုင်တဲ ဖြစ်စေ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်.. Linux စနစ်မှာ ပါရှိတဲ့ "၀င်းဒိုး မန်နေဂျာ" Menu များကို - သက်ဆိုင်ရာ စာများကို ပြင်ဆင်ခြင်းဖြင့် ဖြစ်စေ၊ Control Panel မှာပါတဲ့ Desktop အပြင်အဆင် အတွက် သီးခြားဖန်တီးထားတဲ့ ပရိုဂရမ်ငယ်တွေကနေ ဖြစ်စေ - နှစ်မျိုးလုံးနဲ့ ဖြစ်စေ စိတ်ကြိုက် ပြင်ဆင် နိုင်ပါတယ်..
Advanced & References:
*. Menu တွေကို နေရာချထားတဲ့ အစီအစဉ်ဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်..
*. အဲဒီ အစီအစဉ်ကို နားလည်ထားမယ်ဆိုရင် ဆော့ဖ်ဝဲတွေကို လေ့လာရတာ၊ ကိုယ်တိုင် လေ့လာသင်ယူရတာ အတော်လေး ပျော်စရာ ကောင်းလာမှာ သေချာပါတယ်..
*. လူသားတွေရဲ့ စာပေရေးသား၊ ဖတ်ရှုမှု အလေ့အထ အများစုမှာ ဘယ်မှညာသို့၊ အပေါ်မှအောက်သို့ အစီအစဉ် (Left to Right, Top To Bottom manner) နဲ့ အကျွမ်းတ၀င် ရှိနေခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်.. Menu bar များမှာလည်း အရေးအကြီးဆုံး အုပ်စုများ၊ အမိန့်ပေးချက် များကို ဒီအစီအစဉ် အတိုင်း ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်..
*. ဆော့ဖ်ဝဲတီထွင် ဖန်တီးသူများက ကွန်ပျုတာ စနစ်များကို တီထွင်ဖန်တီးတဲ့ အခါ လူသားအများစုနဲ့ အကျွမ်းတ၀င် ရှိနေပြီးသား အခြေအနေ၊ အသုံးအနှုံး တွေနဲ့ အလုပ်လုပ်နိုင်အောင်.. အတတ်နိုင်ဆုံး ဖန်တီးပေးလေ့ ရှိတတ်ကြပါတယ်.. ဒီအချက်ကို Menu bar များမှာလည်း အထင်အရှား မြင်တွေ့နိုင်ပါတယ်..
*. Menu bar တစ်ခုကို ကြည့်လိုက်မယ် ဆိုရင် အများအားဖြင့် ချက်ချင်း မြင်တွေ့ရတဲ့ အရာတွေက.. File, Edit, View, .. ,Tools, Help အစရှိတဲ့ Menu အုပ်စုတစ်ခုခြင်းရဲ့ ခေါင်းစဉ်တွေ ဖြစ်ပါတယ်..
*. Menu အုပ်စု ခေါင်းစဉ်များဟာ အတွင်းမှာ ပါရှိတဲ့ အမိန့်ပေးချက် တစ်ခုချင်းရဲ့ အကျဉ်းချုပ်လည်း ဖြစ်ပါတယ်..
*. ဥပမာ အားဖြင့် File ဆိုတဲ့ အုပ်စုခေါင်းစဉ် (Meu name လို့လည်း ခေါ်နိုင်ပါတယ်) ဟာ "အတွင်းမှာ ဖိုင်များနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်များ အားလုံး ပါရှိနေကြောင်း" အတိုချုံး ဖော်ပြထားတာ ဖြစ်ပါတယ်.. အဲဒီ File ကို နှိပ်ကြည့်တဲ့ အခါ ပထမဦးဆုံး မြင်တွေ့ရမှာ ကတော့  New  Ctrl+N   ဖြစ်ပါတယ်.. ဆော့ဖ်ဝဲ၊ ပရိုဂရမ်တစ်ခုကို အသုံးပြုတဲ့ အကြောင်းရင်းဟာ တစ်ခုခုကို အသစ် ပြုလုပ် ဖန်တီးချင်တာ ဒါမှမဟုတ် ရှိပြီးသား ဖိုင်တစ်ခုကို ပြန်ပြင်ချင်တာကြောင့် ဖြစ်ပါတယ်.. အဲဒါကြောင့်.. New  Ctrl+N အရင်လာတာ ဖြစ်ပါတယ်.. ရှိပြီးသားကို ပြင်ချင်တာကတော့ နောက်ထပ်ဦးစားပေး အဆင့် တစ်ခုမို့ ပြင်ချင်တဲ့ ဖိုင်ကို ဖွင့်နိုင်ဖို့ အတွက် Open  Ctrl+O လာလေ့ရှိပါတယ်..
*. မှတ်ချက် - အမြဲတမ်း New, Open ဆိုပြီး လာမှာ မဟုတ်ပါဘူး။ ဆော့ဖ်ဝဲ အမျိုးအစားကို မူတည်ပြီး အရေးအကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာ ထားရှိတဲ့ အကြောင်း အဓိက ရည်ရွယ်ချက်ကို သိထားဖို့လိုပါတယ်..
*. နောက်ထပ် အောက်ကို ဆက်ကြည့်ကြမယ်ဆိုရင် သိမ်းဆည်းတဲ့ အလုပ်ကို အဓိက လုပ်ဆောင်ပေးတဲ့ Save   Ctrl+Save |  Save As စတဲ့ အမိန့်ပေးချက် တွေကို သီးခြားအုပ်စုငယ်လေး တစ်ခုအဖြစ် ဆက်လက် မြင်တွေ့ရမှာပါ.. ဆက်လက်ပြီး Page Setup | Print Preview |  Print   Ctrl+P စတဲ့ ဆောင်ရွက်ထားပြီး သမျှကို စာရွက်အနေအထား၊ အရွယ်အစားများ ရွေးချယ် ပုံနှိပ်ထုတ်ဝေ နိုင်တဲ့ Printအုပ်စုငယ်လေးကို ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပါတယ်.. လုပ်ဆောင်ချက်များ အားလုံး ပြီးဆုံးတဲ့ အခါ သုံးနေတဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်နိုင်တဲ့ အမိန့်ပေးချက် Exit ကိုတော့ နောက်ထပ် သီးခြား အုပ်စုလေး တစ်ခု အနေနဲ့ အောက်ဘက် ဆုံးမှာပဲ အမြဲထားရှိတာ မြင်ကြရမှာပါ.. ဒါတွေအားလုံးက File menu တစ်ခုတည်းကို ဥပမာ အနေနဲ့ ထားပြီး ပြထားတာ ဖြစ်ပါတယ်.. ကျန်တဲ့ Menu များမှာလည်း အရေးကြီးတဲ့ အမိန့်ပေးချက်များကို အပေါ်ဆုံးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်...
*. မိုက္ကရိုဆော့ဖ် ၀င်းဒိုးနဲ့ ပန်းသီး မက်ကင်တော့ရှ် စနစ် နှစ်ခုလုံးမှာ၊ အသုံးများတဲ့ လုပ်ဆောင်ချက်များကို ကီးဘုတ် ကနေ ဖြတ်လမ်းနည်း (Shortcut) နဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ Menu bar တွေဟာ သက်ဆိုင်ရာ ပရိုဂရမ်မှာ တွဲလျက်ရှိနေတာဖြစ်ပေမယ့်၊ မက်ကင်တော့ရှ် စနစ်မှာ ပါရှိတဲ့ Menu bar စနစ်ဟာ Fitts's law အရ ငါးဆ ပိုမြန်တဲ့ အကြောင်း ပန်းသီးကွန်ပျုတာ ကုမ္ပဏီမှ ကျွမ်းကျင်သူများက ဆိုပါတယ်... အကြောင်းကတော့ Menu bar ဟာ ဖန်သားပြင်ရဲ့ အစွန်းမှာ အမြဲရှိနေတဲ့ အတွက် ပန်းသီးကွန်ပျုတာ အသုံးပြုသူများ အနေနဲ့ သူတို့ရဲ့ မောက်စ် ညွန်တံများကို ဖန်သားပြင် မြင်ကွင်းရဲ့ ထိပ်ကို စိတ်လွတ်လက်လွတ် ပစ်တင်လိုက်နိုင်ပြီး Menu bar တွေ ကွယ်ပျောက်သွားတာ၊ ကျော်သွားတာမျိုး ဘယ်တော့မှ ကြုံရမှာ မဟုတ်လို့ပါပဲ... ပန်းသီးကွန်ပျုတာ ကုမ္ပဏီဟာ ဒီနည်းစနစ်ရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ကောင်းစွာ သိရှိလိုက်တဲ့ အခါမှာ သူတို့ရဲ့ Menu bar စနစ်ကို မူပိုင်ခွင့် မှတ်ပုံတင် ခဲ့ပါတယ်..



Reference:
-define:Menu, GUI, & Menu bar in Google Search
-Books & Websites shown in Reference Section
မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့်
ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့်
ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား...